အချစ်ဆိုတာ ဘာပါလိမ့်နော် ။ ကျွန်မတို့ ၅၂၈ ဆိုတဲ့အေးမြတဲ့ မေတ္တာကို ခဏဖယ်ထားပြီး ၁၅၀၀ ဆိုတဲ့ မေတ္တာအောက်မှာ ဆွေးနွေးကြည့်ရအောင် ။

“ Love is a game that two can play and both win. “ ဆိုတဲ့ Eva Gabon ပြောခဲ့တဲ့ စကားလေးကို ဆရာလင်းသိုက်ညွန့် ( မြန်မာ့မြေ )က သူ့စာအုပ်တစ်အုပ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ် ။ အဓိပ္ပါယ်က အချစ်ဆိုတဲ့ ကစားပွဲလေးမှာ လူနှစ်ဦးပါဝင် ကစားနိုင်ပြီး နှစ်ဦးစလုံးအနိုင်ရနိုင်ပါတယ်တဲ့ ။ နှစ်ဆယ့်တစ်ရာစုခေတ်ရဲ့လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ကိုရီးယားဟစ်ဟော့အဆိုရှင် G-Dragon ကတော့ သူ့သီချင်းတစ်ပုဒ်ထဲမှာ “ Love is pain. “ လို့ဆိုထားပြန်ပါတယ် ။ အချစ်က နာကျင်ခြင်းပေါ့ ။ စာဖတ်သူတို့ကရော ………. ဘယ်လို ထင်ပါသလဲ ။

ကျွန်မကတော့ အချစ်ဆိုတာ “ ရယူခြင်းလည်းမဟုတ်ဘူး ပေးဆပ်ခြင်းလည်း မဟုတ်ဘူး နားလည်သည်းခံခြင်းနဲ့ သစ္စာရှိခြင်းလို့ထင်ပါတယ် ။ အပြန်အလှန် နားလည်မှုမရှိရင် အချစ်ဆိုတာကို တည်ဆောက်လို့မပါဘူး ။ လူနှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုကို တစ်ခုတည်းဖြစ်အောင်တည်ဆောက်ကြတဲ့အခါ နားလည်မှုက အဓိက ကျပါတယ် ။ ကိုယ်က သေလောက်အောင် ချစ်နေစေဦးတော့ သူက ကိုယ့်အချစ်ကို နားလည်မပေးနိုင်ရင် အလကားပဲလေ ။ ဒဿဂီရိကိုပဲ ကြည့်ပါဦး ။ သူ့ခမျာ သီတာမင်းသမီးလေးကို ဘယ်လောက်ထိတောင် ချစ်သလဲ ။ မာနတွေ ဆင်ခြေတုံတရားတွေ ကင်းမဲ့သွားအောင်ကို ချစ်တာ ။

https://www.youtube.com/watch?v=SDiIypwEJxY

ဒါပေမယ့် ဘယ်လိုလုပ်မလဲရှင် ။ မယ်သီတာကမှ သူ့အချစ်ကို နားလည်မပေးနိုင်တာ ။ သူနားလည်ပေးနိုင်တာက ရာမမင်းသားလေးရဲ့အချစ်ကိုလေ ။ ဒီတော့ ဒဿဂီရိခမျာမှာ အသည်းကွဲရရှာတာပေါ့ ။ တကယ်က ဒဿဂီရိက သနားဖို့ကောင်းပါတယ်နော်။

ကိုယ်ပေးလိုက်တဲ့အချစ်ဟာ အချစ်စစ် ဖြစ်နေစေဦးတော့ သက်ဆိုင်သူက နားလည်ပေးနိုင်ပါမှ ပျော်ရွှင်တဲ့အချစ်ရေးကို တည်ဆောက်နိုင်မှာပါ ။  နှစ်ဦးနှစ်ဖက် နားလည်နိုင်ပြီး အချစ်ခရီးကို အတူတကွလျှောက်လှမ်းကြတဲ့အခါ သည်းခံခွင့်လွှတ်ခြင်း မပါရင်တော့ ရှေ့ဆက်ဖို့ခက်ခဲပါလိမ့်မယ် ။
လူတိုင်းမှာ စိတ်ဆိုးစိတ်ကောက်တတ်ကြတဲ့ အချိန်လေးတွေ ရှိတတ်ကြပါတယ် ။

ဒေါသဆိုတာကတော့ လူကို မပြောသင့်တာတွေ ပြောမိအောင် မလုပ်သင့်တာတွေ လုပ်မိအောင် လှုံဆော်ပေးနိုင်တဲ့အရာတစ်ခုပါ ။ တစ်ယောက်က စိတ်ဆိုးလို့ နောက်တစ်ယောက်ကပါ ဆက်ဆက်ထိမခံ စွာတေးလန်နေရင် နှစ်ယောက်သား ထသတ်ရုံပဲ ရှိတော့မှာပေါ့ ။ ဒါကြောင့် တစ်ယောက်က စိတ်ဆိုးရင် အခြားတစ်ယောက်က သည်းခံပေးပြီး ပြေရာပြေကြောင်း ရှင်းပြတတ်မှ အဆင်ပြေနိုင်မှာပါ ။

ပေါင်းသင်းဆက်ဆံရေးမှာလည်း သည်းခံခြင်းဆိုတာ တကယ့်ကို အရေးပါတဲ့အရာပဲလေ ။သစ္စာရှိခြင်း ဆိုတဲ့စကားလုံးကတော့ ဒီဘက်ခေတ်မှာ တော်တော်လေးကို ရှားပါးနေပြီလို့ ကျွန်မထင်ပါတယ် ။ကိုယ့်ကောင်မလေးကို ပခုံးပေါ်မှီထားစေပြီး ဖြတ်သွားသမျှကောင်မလေးလှလှလေးတွေကို မျက်လုံးကျွတ်မတတ် လိုက်ကြည့်တတ်တဲ့လူတွေလည်း ဒုနဲ့ဒေး ။ဒီထက်ပိုဆိုးတာက သူ့ကိုတော့အတည်ချစ်တာပါ သူလေးကိုလည်း ခဏလောက် တွဲကြည့်ချင်ပါသေးတယ်ဆိုတဲ့ လူမျိုးတွေ ။

အချို့ မိန်းကလေးတွေကလည်း ကိုယ့်သူငယ်ချင်းရဲ့ ချစ်သူကိုတောင် စည်းမစောင့်ဘဲ တဒင်္ဂပျော်ရွှင်မှုအတွက် စောင့်စည်းအပ်တဲ့ သစ္စာတရားတွေကို ချိုးဖောက်ဖို့ ၀န်မလေးတတ်ကြပါဘူး ။ကိုယ့်မှာ ရည်းစားရှိလျက်နဲ့ online မှာ အီစီကလီ လုပ်တာကလည်း သစ္စာဖောက်တာပါပဲ ။ ရည်းစားရှိလျက်နဲ့ အခြားတစ်ယောက်ကို သာယာတဲ့စိတ်နဲ့ စကားပြောမိရင်လည်း သစ္စာမရှိတာပါပဲ ။တစ်ဦးနဲ့တစ်ဦး သစ္စာထားနိုင်မှုမရှိရင် တည်ဆောက်ထားတဲ့ အချစ်ရေးက အချိန်မရွေး ပြိုလဲပျက်စီးသွား နိုင်ပါတယ် ။

တကယ်တော့ လူတစ်ယောက်ကို ချစ်ရတာ မလွယ်ပါဘူး ။ အဲ့ဒါထက် ခိုင်မာသေချာတဲ့ Relationship တစ်ခုတည်ဆောက်ဖို့က ပိုပြီးမလွယ်ကူပါဘူး ။သူစိမ်းနှစ်ယောက်အတွက် ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ အချိန်တွေ အများကြီး လိုအပ်ပါတယ် ။ ချစ်တယ်ဆိုတိုင်းလည်း လက်တွဲကြဖို့မဖြစ်နိုင်ပါဘူး ။ကျွန်မ အမြင်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတွဲကြခင် အချိန်အတိုင်းအတာ တစ်ခုယူပြီး လေ့လာသင့်တယ် လို့ ထင်ပါတယ် ။ခုတွေ့ ခုချစ် ခုတွဲ ဆိုတဲ့ အချစ်ရေးမျိုးကတော့ ကြာရှည်တည်မြဲဖို့ ခဲယဉ်းပါလိမ့်မယ် ။

ကျွန်မ တစ်ခုလောက် မေးချင်ပါသေးတယ် ။ အချစ်ဆိုတာကို ကြိုတင်ပုံဖော်ပြီး ဖန်တီးယူလို့ ရပါသလား ။ဥပမာဆိုကြပါစို့ ကိုယ်ချစ်တဲ့သူ က ကိုယ့်ထက် အရပ်ရှည်ရမယ် ဘယ်လို အရည်အချင်းမျိုးတွေရှိရမယ် သိမ်မွေ့ယဉ်ကျေးရမယ် အဲ့လို သတ်မှတ်ချက်တွေ ထားပြီး အဲ့လို လူမျိုးကိုတွေ့လို့ ချစ်မိသွားရင်ကော အချစ် လို့ခေါ်နိုင်ပါသလား ။

ဒါမှမဟုတ်ဘဲ အဲ့လို သတ်မှတ်ချက်တွေ နဲ့ မကိုက်ညီတဲ့ သူကို ချစ်မိသွားဖို့ကော မဖြစ်နိုင်ဘူးလား ။ မချစ်မိဘူး မပြောနိုင်ဘူးနော် ။“ ကြော့ရှင်းငယ်မှနုနယ် မုတ်ဆိတ်ကယ်ဗျိုင်းတောင် သလင်းရောင်နှင့် မောင်းတော်ခြောက်စောင်း နှောခေါင်ရောင်းမှာ သျှောင်ဒေါင်းထိုးနှင့် ဆေးအိုးသည်ကို မယ့်နှယ်လွမ်းသည် “ ဆိုတဲ့ ရှင်ငြိမ်းမယ် ရေးထားတဲ့ ကဗျာလေးကို ဖတ်ပြီး အချစ်ဆိုတာ ကြိုတင်ခန့်မှန်းတွက်ချက်လို့ မရတဲ့ အရာလို့တွေးမိတယ် ။

ဟုတ်တယ်လေ သူရေးထားသလို ဗျိုင်းတောင်လိုဆွတ်ဆွတ်ဖြူနေတဲ့ မုတ်ဆိတ်မွှေးကြီးနဲ့ လူကြီးကို ငါတစ်နေ့ ချစ်မယ်ဟဲ့လို့ ဘယ်သူကများ ကြိုတင် စိတ်ကူးယဉ်ထားမှာပါလိမ့် ။ကဲ …….. စာဖတ်သူတို့ကော ဘယ်လို ထင်ပါတယ် ။ ကျွန်မကတော့ အချစ်ဆိုတာ မြတ်နိုးနှစ်သက်ခြင်း ယုံကြည်နားလည်မှုပေးနိုင်ခြင်းနဲ့ သစ္စာထားနိုင်ခြင်း လို့ပဲ ထင်ပါတယ် ။

နောက်ပြီး ကျွန်မ တို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀ကို လင်းလက်စေတဲ့ မျှော်လင့်ချက် အလင်းရောင်လေးပေါ့ ။မိသားတစ်စုမှာဆိုလည်း ဒီလိုပါပဲ ကိုယ့် ဇနီးမယား သမီး သား ဆိုတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို အရင်းခံပြီး ဘ၀ကို ကြိုးစားရုန်းကန်နေ ကြတာပဲလေ ။ ကျွန်မရဲ့ စာဖတ်သူတွေလည်း အချစ်ရေးမှာ ကံကောင်းကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ ရှင် ။

အိသူ
Facebook : ei.thu.520
#ChelmoTeam
Credit Photo. tabi-labo