သင့်ရဲ့နေ့စဉ်ဘ၀မှာ သူ့အကြောင်းတွေးမိတာတွေ နည်းသထက် နည်းလာပါပြီ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းဆိုတာ လုံးဝမတွေးမိတော့သလောက်ကို ဖြစ်သွားပါလိမ့်မယ် ။ ဒဏ်ရာဟောင်းတွေကို ပွတ်သက်ရင်း ရင့်ကျက်စွာ လက်ခံနိုင်လာပါပြီ ။ လွှင့်ပစ်ချန်ရစ်ခဲ့တဲ့အမှိုက်ထုပ်အကြောင်းကို အာရုံစိုက်နေမယ့်အစား ဘ၀ရဲ့ပန်းတိုင်း အသစ်ကိုပဲ တွေးတောပါတော့မယ် ။ ခေါင်းအုံးထက်မှာ မှေးစက်ရင်း စိတ်ကူး ကမ္ဘာထဲ အတွေးဖြာတဲ့ ညခင်းတွေမှာလည်း သူ့အကြောင်းမတွေးမိတော့တာ သင်ကိုယ်တိုင် တအံ့တသြနဲ့ လက်ခံလာပါလိမ့်မယ် ။ အသက်ရှင်နေထိုင်ရာလောကကြီးမှာ ပျားပန်းခတ်သလို အလုပ်တွေလုပ်ရင်း နောက်ဆုံးမှာတော့ အချစ်ရဲ့သေးငယ်တဲ့ သံယောဇဉ်လက်ကျန်လေးတွေတောင် ပျောက်ဆုံးသွားခဲ့ပါပြီ ။ ဒီလိုနဲ့ပဲ သူ့ရဲ့ လောင်းရိပ်အောက်ကနေ လွတ်မြောက်လာနိုင်ခဲ့ပြီဆိုတဲ့ လက္ခဏာရပ်တွေကို နားလည်သဘောပေါက်ပြီး လက်ခံနိုင်ပါတော့မယ် ။

https://www.youtube.com/watch?v=SDiIypwEJxY

၀၁. ပျော်မြူးနေတဲ့ ချစ်သူတွေကို မြင်ရင်လည်း ရင်ထဲမှာ နာကျင်ခံစားရခြင်း အလျဉ်းမရှိတောပါဘူး ။

၀၂. တစ်ယောက်တည်း အိမ်ပြန်ရတာဟာလည်း ပြသနာ မဟုတ်တော့ပါဘူး ။

၀၃. သူ့ဓာတ်ပုံကို ကြည့်မိရင်တောင် " ဘ၀သခင် ချစ်သည်းရှင် " လို့ မတွေးမိတော့ဘဲ ရင်းနှီးနေကျ မျက်နှာတစ်ခုကို မြင်လိုက်ရတာထက် မပိုတော့ပါဘူး ။

၀၄. သူနဲ့ ပတ်သတ်တဲ့ လူမှုကွန်ယက် ၀က်ဆိုဒ်တွေကို လည်း သိလိုအားနဲ့ အသည်းအသန် လိုက်ရှာမနေတော့ပါဘူး ။

၀၅. သူကကိုယ့်ကိုစွန့်ပြီး အသစ်ရှာသွားရင်တောင်ခပ်ပြုံးပြုံးနဲ့ လက်ခံနိုင်ပါပြီ ။

၀၆. နှစ်ယောက်အတူ ပြန်ပေါင်းထုတ်ဖို့ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအစား အနာဂတ်ရဲ့ သတို့သားလောင်း ဒါမှမဟုတ် သတို့သမီးလောင်းကို ပဟေဠိဆန်ဆန် စိတ်ကူးယဉ်ပြီး မင်္ဂလာပွဲနေ့အကြောင်းပဲ ပုံဖော်ပါတော့မယ် ။

၀၇. နာကျင်မှုတွေ ပြီးဆုံးသွားခဲ့ပါပြီ ။ မက်မောတွယ်တာခြင်း မရှိတော့တဲ့ စိတ်ခံစားမှုက အကောင်းဆုံးလို့ယူဆပြီး သင့်ဘ၀ရဲ့နေ့ရက်တွေကို ပျော်ရွှင်စွာနဲ့ နေထိုင်တတ်လာပါပြီ ။

၀၈. အိပ်မရတဲ့ မျက်ရည်ညတွေ ကုန်ဆုံးလွန်မြောက် သွားပါပြီ ။

၀၉. မနက်ခင်း မိုးလင်းလို့လည်း သူ့အကြောင်း မတွေးမိတော့သလို ညဘက် အိပ်ရာဝင်ခါနီးရင်လည်း တမ်းတမ်းတတ သတိမရတော့ပါဘူး ။

၁၀. ပျားလေးတွေ မရှိတော့တဲ့ ပျားအုံထဲက ပျားရည်လေးလိုပါပဲ ။ ချစ်သူဘ၀အမှတ်တရတွေကို သတိရချင်တဲ့အခါ နာကျင်ခြင်းအလျဉ်းမရှိတော့ဘဲ ချိုမြမြ အရသာလေးကိုပဲ ရွေးချယ်ခံစားနိုင်လောက်အောင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်ခဲ့ပါပြီ ။

၁၁. ဘယ်တော့မှ ရောက်လာမှာ မဟုတ်တဲ့ မက်ဆေ့ခ်ျတွေကို လည်း မျှော်လင့်စောင့်စားနေမှာ မဟုတ်တော့ပါဘူး ။

၁၂. ရုပ်ရှင်နဲ့ဇာတ်လမ်းတွေ ကြည့်ရင်းပျော်ရွှင်ဖွယ် အဆုံးသတ်ကို မျှော်လင့်နေတာထက် လက်တွေ့ဆန်ဆန် ခရီးထွက်ဖို့ ပိုစိတ်ဝင်စားလာပါလိမ့်မယ် ။

၁၃. တစ်ခါတစ်ရံ သူကကိုယ့်ဘ၀ထဲက ပျောက်ကွယ်သွားလို့ အနည်းငယ် ၀မ်းနည်းကောင်း ၀မ်းနည်း မိပါလိမ့်မယ် ။ ဒါပေမယ့် အဆင်ပြေပြေနေနိုင်တယ်ဆိုတဲ့ အချက်ကို ကိုယ်တိုင် လက်ခံနိုင်ပါပြီ ။ သူမရှိတော့ဘူး ဆိုတဲ့ အတွေးက စိတ်ဓာတ်ကျပြီး ပြိုလဲစေနိုင်မှာ မဟုတ်ပါဘူး ။

၁၄. အချစ်သစ်ကိုတောင့်တစ ပြုလာပါပြီ ။ နေ့စဉ်ဘ၀ကို ပုံမှန်ဖြတ်သန်းရင်းနဲ့ပဲ ချစ်သူဆိုတဲ့ ပုံရိပ်ယောင်လေးကို မြင်ယောင်နေမိပါပြီ ။

၁၅. အလျင်စလို မဟုတ်ပေမယ့် အချစ်သစ်ရှာဖို့ အဆင်သင့် ဖြစ်နေပါပြီ ။

၁၆. စိတ်ပိုင်းဆိုင်ရာအားဖြင့် သန်မာလာပါပြီ ။ ပြင်းပြင်းထန်ထန် ပူဆွေးဝမ်းနည်းရခြင်း ဆိုတဲ့ အခက်အခဲ ကို ကျော်ဖြတ်ပြီးတဲ့နောက် စစ်ပွဲမှာ အနိုင်ရရှိပြီးတဲ့ စစ်သူုကြီး တစ်ဦးလို ကျေနပ်ဂုဏ်ယူမိလာပါလိမ့်မယ် ။ အချိန်ကာလတစ်ခု ကုန်လွန်ပြီးတဲ့နောက်မှာတော့ ဆန္ဒရှိတယ်ဆို ဘယ်လောက်ခက်ခဲတဲ့အရာ ဖြစ်ပါစေ လုပ်နိုင်တယ်လို့ သိလာပါလိမ့်မယ် ။

၁၇. အချစ်ဆိုတာကို ရှာဖွေဖို့ထက် ကိုယ့်အလုပ်တွေ ၀ါသနာတွေ မိသားစုနဲ့ သူငယ်ချင်းတွေကို ပို အာရုံစိုက်ပြီး အချိန်ပေးဖြစ်ပါလိမ့်မယ် ။

၁၈. လူမှုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ၀င်ရောက်ပါဝင်ရတာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာ တက်ကြွလှုပ်ရှားပါဝင်ရတာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာမဟုတ်ဘူးလို့လက်ခံနိုင်လာပြီး ကျေနပ်နှစ်သိမ့်တတ်လာပါပြီ ။ ဘာလို့လဲဆိုတော့ ချောင်မှာ မှိုင်တွေပြီး အဆက်ဟောင်းအကြောင်း တွေးနေ့ရတာထက် အပုံကြီးသာလို့လေ ။

၁၉. အဆွေးသီချင်းလား အချစ်သီချင်းလား ဘယ်လိုပဲဖြစ်ဖြစ် မျက်ရည်တစ်ချက်မ၀ဲဘဲ နားထောင်နိုင်ပါပြီ ။

၂၀. အရုဏ်ဦးရဲ့ လင်းရောင်ခြည်လေး ထွန်းလင်းလာသလိုပေါ့ ၊ ဆုံးရှုံရတာတွေကို မတွေးတော့ဘဲ မျှော်လင့်ချက်ရောင်ခြည်လေးတွေ လင်းဖြာလာပါပြီ ။

၂၁. အံသြ၀မ်းသာစရာ ရှိသည်ဖြစ်စေ မိုက်မဲရူးသွပ်စရာကောင်းတယ်လို့ ခံစားရသည်ဖြစ်စေ ရင်ဖွင့်ဖို့ ပထမဆုံး သတိရတဲ့လူက သူ မဟုတ်တော့ပါဘူး ။

၂၂. ခေါင်းအုံးတွေ ကိုလည်း သူ အမှတ်နဲ့ တယုတယ ပွေ့ဖက်နေမှာ မဟုတ်တော့ပါဘူး ။

၂၃. စိတ်ပျက်စရာကောင်းတဲ့ ချစ်သူဘ၀ထက်စာရင် လွတ်လပ်တဲ့ တစ်ကိုယ်တည်းဘ၀က ပိုပြီး ပျော်ရွှင်ချမ်းမြေ့စရာကောင်းတယ်ဆိုတာ လက်ခံနိုင်ပါပြီ ။

၂၄. သူ့အကြောင်းစကားစပ်မိတိုင်း ဒါမှမဟုတ် သူ့နာမည်ကြားတိုင်း သင့်မျက်ဝန်းက အရောင်တလက်လက် တောက်ပမနေတော့ပါဘူး ။ အကယ်၍ အရင်က ဇာတ်လမ်းကို ပြန်ပြောမိရင်တောင် ဟိုးအဝေးက အသိအကျွမ်းအကြောင်း ပြောရသလိုပဲ ခံစားရတော့မှာပါ ။

၂၅. ရည်းစားဟောင်းကို တစ္ဆေတစ်ကောင်အလား ထင်မှတ်မှားပြီး အတိတ်ဆိုတာလည်း အမှန်တကယ် မရှိခဲ့တော့သလို တွေးထင်မိလာပါပြီ ။

၂၆. ချစ်သူတွေ ဆင်တူုဝတ်ဆင်ကြတဲ့ ၀တ်စုံဆိုတာကလည်း ခရစ်စမတ်လို ပွဲတော်နေ့တွေနဲ့ယှဉ်လိုက်ရင် ဘာမှ မဟုတ်တော့ပါဘူး ။

၂၇. အားလပ်ရက်တွေကို တစ်ယောက်တည်း အချိန်ဖြုန်းရတာကို သဘောတွေ့နေတတ်ပါပြီ ။

၂၈. ရုပ်ရှင်ရုံဆိုတာ ချစ်သူရည်းစားတွေ အတွက် သီးသန့်နယ်မြေလို့ မတွေးတော့ဘဲ သူငယ်ချင်းတွေ မောင်နှမသားချင်းဆွေမျိုးတွေနဲ့ သွားလာသလို တစ်ယောက်တည်းလည်း သွားတတ်လာပါပြီ ။

၂၉. ချစ်ခြင်းဖွဲ့ ဇာတ်လမ်းတွေ ကိုလည်း မျှတတဲ့ ကစားပွဲတွေ အဖြစ် ထပ်ပြီး လက်ခံနိုင်လာပါပြီ ။

၃၀. စိတ်ရောကိုယ်ပါ အလုပ်ထဲမှာပဲ နစ်မြှုပ်ရင်း အချိန်တွေ ကုန်ဆုံးစေမိတယ် ။

၃၁. ရမ္မက်ဆန်ဆန် အလှအပနဲ့ အတွေ့အထိဆိုတာတွေ ထက် စစ်မှန်တဲ့ လူကိုပဲ ရှာဖွေပါတော့မယ် ။

၃၂. တစ်စုံတစ်ခုဖြစ်ရင်တောင် သူ့ဆီ ဖုန်းဆက်အကူအညီတောင်းတယ်ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး ။ အိမ်က ဂိမ်းစက်ပျက်သွားရင်တောင် ဆိုင်ကိုပဲ ဖုန်းချိတ်မိလိမ့်မယ် ။ သူ့ကိုတော့ မဖြစ်နိုင်တော့ဘူး ။

၃၃. အကယ်၍များ သူ့ဆီမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ အဖိုးသိပ်မတန်တဲ့ ပစ္စည်းတွေရှိနေရင်တောင် မေ့ပစ်နိုင်ပါတယ် ။ တသသ ဖြစ်နေမှာ မဟုတ်တော့ဘူး ။

၃၄. အမှတ်တရ အဖြစ် တမြတ်တနိုး သိမ်းဆည်း ထားတဲ့ပစ္စည်းတွေဟာလည်း ၀တ္ထုပစ္စည်း သက်သက်ပဲ ဖြစ်သွားပါပြီ ။ သုံးကြိမ်မြောက် နှစ်ပတ်လည် အမှတ်တရ လည်ဆွဲဟာလည်းပဲ ရတနာပစ္စည်းတစ်ခု ဆိုတာထက် မပိုတော့ပါဘူး ။

၃၅. သူနဲ့ အရောင်ဆင်တူ ၀ယ်ထားတဲ့ကားကလည်း မောင်းလို့ရတဲ့ ကားဆိုတာထက်ပိုပြီး ဘာမှ မထူးခြားတဲ့ သာမန်ကားတစ်စီးမျှသာ ဖြစ်ပါတော့တယ် ။

၃၆. အထီးကျန်မှုတွေကို အံတုရင်း နေတတ်လာပါပြီ ။

၃၇. အချိန်ကာလအတိုင်းအတာ တစ်ခုထိ လက်ဆောင် ၀ယ်ပေးရဖို့ မလိုအပ်တဲ့အတွက်လည်း တကယ်ပဲ စိတ်ရှုပ်မှုဒဏ်ကနေပြီး သက်သာရာရစေပါတယ် ။

၃၈. အနာဂတ်ကြင်ဖော် အတွက် စိတ်ကူးပုံဖော် တတ်နေပါပြီ ။

၃၉. လူနှစ်ယောက်တစ်ယောက်ကို တစ်ယောက် တကယ် ချစ်မြတ်နိုးပေမယ့်လည်း အဆင်ပြေချောမွေ့တဲ့ချစ်သူဘ၀ကို တည်ဆောက်ဖို့မလွယ်ကူမှန်း လက်ခံနိုင်ခဲ့ပါပြီ ။ မီးနဲ့ ရေခဲတုံးလိုပေါ့ ။ တဒင်္ဂပေါင်းစည်းဖို့ဆိုတာကတော့ ဖြစ်နိုင်ပေမယ့် ရေရှည်တည်တံ့ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ ။ တချို့လူတွေလည်း အဲ့လိုပါပဲ အဝေးက ချစ်နေရုံပေါ့ ။

၄၀. သူက ကိုယ့်အတွက် မဖြစ်ခဲ့ဘူးဆိုတာ သိသိလျက်နဲ့ အချစ်စစ်ဆိုတာကို နောက်ထပ်တစ်ကြိမ် ယုံကြည်မိပြန်ပါပြီ ။

အိသူ
#ChelmoTeam
Credit Photo. tabi-labo