ဘဝမှာဒီလိုချစ်ခြင်းမေတ္တာနဲ့ အချစ်ခံခဲ့ရဖူးပီလား (ဒါမှမဟုတ်) ကိုယ်က ဒီလိုအချစ်မျိုးနဲ့ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးလား၊ချစ်နေဆဲလား ?

ချစ်ခြင်းမေတ္တာ မှာ အမျိုးအစားများစွာရှိတဲ့အနက် ဒီလို "အဆုံးမရှိ၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ" ဆိုတာဘယ်လိုသတ်မှတ်ကြလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

၀၁.ကိုယ့်ကို ချစ်တယ်ဆိုတာ ခံစားမိတယ်။
ဒီနေရာမှာ ချစ်တယ်လို့ ကိုယ့်ရဲ့ချစ်သူက ထုတ်ဖော်ပြောတာမျိုးမှ၊တန်ဖိုးကြီးပစ္စည်းတွေပေးမှ မဟုတ်ပါဘူး။သူ့ရဲ့ ကိုယ့်အပေါ်မှာ ပြုမူဆက်ဆံပုံလေးတွေ၊ ကိုယ်နဲ့ပတ်သတ်လာရင် သူ့ရဲ့ အမူအရာလေးတွေကနေတစ်ဆင့် ကိုယ့်ကိုချစ်တယ်ဆိုတာ ခြွင်းချက်မရှိယုံကြည်ခံစားမိစေတာမျိုးပါ။

၀၂.ကိုယ့်ကို အလေးထား၊ အသိအမှတ်ပြုတယ်ဆိုတာ ခံစားမိတယ်။
လေးစားမှု က ဒီလိုချစ်ခြင်းမေတ္တာအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ တစ်စုံတစ်ယောက်က ကိုယ့်ကို နက်နက်ရှိုင်းရှိုင်း ချစ်ရုံသာမက အလေးပေး၊ အသိအမှတ်ပြုတဲ့ နေရာမှာလဲ သူများနဲ့မတူဘဲ ဦးစားပေးခံရတာမျိုးပါ။

၀၃.ကိုယ့်ကို ဝေဖန်ခံနေရတယ်လို့ ဘယ်တော့မှမခံစားမိစေဘူး။
ကိုယ့်အပေါ်မှာ ဝေဖန်အကဲဖြတ်ခံရတာ နည်းလေလေ၊ အကန့်အသတ်မရှိစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းလေလေပါတဲ့။ ကိုယ့်ရဲ့ လက်တွဲဖော်က ကိုယ့်ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတယ်၊ ဒါပေမဲ့ မတူကွဲပြားတဲ့ အကြောင်းအရာတစ်ခုခုကို ကိုယ်ကပြောလိုက်တဲ့ အချိန်မှာ ကိုယ်ကဝေဖန်ခံနေရတယ်လို့ ခံစားနေရဆဲဆိုရင် တော့ဒါက အဆုံးမရှိစစ်မှန်တဲ့ ချစ်ခြင်းမျိုး မဟုတ်သေးပါဘူးတဲ့။

၀၄.ကိုယ့်ရဲ့အားနည်းချက်ကို ဖုံးကွယ်နေစရာမလိုဘူး။
ဒါကတော့ အပေါ်ကတစ်ချက်နဲ့ ဆက်စပ်နေပါတယ်။ "Noone is perfect " ဆိုတာကို လက်ခံထားတဲ့ ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကို ဝေဖန်၊အကဲဖြတ်တာမျိုး မလုပ်ဘူးဆိုတာ သိနေတဲ့အခါ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာ ဖုံးကွယ်နေစရာမလိုပါဘူး။ ကိုယ့်ရဲ့အားနည်းချက်၊ လိုအပ်ချက်တွေကို နားလည်ပေးပြီး ကိုယ့်ကို အမြဲအားပေးဖို့ ရှိနေတတ်သူမျိုးက ဘယ်လိုအချစ်မျိုးနဲ့ ချစ်နေလဲဆိုတာ သင်သိမှာပါ။

၀၅.သူ့ရဲ့ ချစ်ခြင်းက ကိုယ့်အတွက် ဘယ်တော့မှမေးခွန်းထုတ်စရာမလိုဘူး။
နှစ်ဦးသားချစ်နေတဲ့ အချိန်မှာ သူကိုယ့်ကိုယ် ချစ်သေးရဲ့လားဆိုတာမျိုး သံသယ ဖြစ်စရာမလိုသလို မေးခွန်းထုတ်စရာလည်းမလိုတာမျိုးပါ။

၀၆.ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်အဖြစ်ဟန်ဆောင်စရာမလိုဘူး။
ကိုယ့်ရဲ့ ချစ်သူက ကိုယ့်ကို ဝေဖန်အကဲဖြတ်နေတာမျိုး မလုပ်ဘူးဆိုတာ သိနေတယ်၊ ကိုယ့်ရဲ့ သရုပ်အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းနေထိုင်နိုင်တယ်၊ ကိုယ့်ရဲ့ကောင်းကွက်၊ ဆိုးကွက် အားလုံးကို ဖုံးကွယ၀်ထားစရာမလိုသလို သူကလဲဘယ်လိုပဲဖြစ်ဖြစ် ချစ်နေမယ်ဆိုတာသိနေတယ်။

၀၇.သူနဲ့အတူရှိနေချိန်မှာ သက်တောင့်သက်သာဖြစ်မှု၊ စိတ်ချမ်းသာမှုကို အနက်ရှိုင်းဆုံး ခံစားရတယ်။
ကိုယ့်ရဲ့ချစ်သူက ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ သူနဲ့ရှိနေချိန်မှာ ကိုယ်စိတ်ချမ်းသာမှုကိုခံစားရတယ်။ သူ့ရဲ့အချစ်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချစေတယ်၊ စိတ်ပူပန်စရာမလို၊ ဝေဖန်ပြစ်တင်ခံရမှာလည်းစိုးရိမ်စရာမလိုဘဲ စိတ်လက်ပေါ့ပါးစွာနဲ့ သက်တောင့်သက်သာရှိနေစေတယ်။

၀၈.ကိုယ့်ရဲ့ယုံကြည်မှုကို ခိုင်မာစေတယ်။
ချစ်ရသူရဲ့ ကိုယ့်အပေါ်မှာ ပေးဆပ်ပြသတဲ့ချစ်ခြင်းမေတ္တာကြောင့် သူနဲ့ကိုယ့်ရဲ့ relationship မှာ သံသယဝင်စရာမလိုလောက်အောင် စိတ်ချလက်ချ၊ စိတ်အေးလက်အေးရှိစေတယ်။

၀၉.ကိုယ့်ရဲ့ ဗရုတ်ကျမှုတွေကို ခွင့်လွှတ်ပေးနေမဲ့သူဆိုတာ ကိုယ်သိနေတယ်။
ဒီနေရာမှာ ခွင့်လွှတ်ပေးတယ်ဆိုတာမျိုးက သင်ရွှတ်တီး၊ရွှတ်နောက်နေတာ၊ တစ်ခါတစ်ရံ စိတ်ပျက်စရာကောင်းလောက်အောင် အခန်းကရှုပ်ပွနေရင်တောင် သူကအချစ်မလျော့ဘဲခွင့်လွှတ်ပေးတာမျိုးပါ။ တစ်ခြားတစ်ယောက်နဲ့ ပလူးပြီးဖောက်ပြားတာမျိုးကိုတော့ သူတို့ရဲ့ချစ်ခြင်းနဲ့မထိုက်တန်တဲ့သင့်ကို ဆက်ချစ်နေပေမဲ့ သင့်အနားကနေတော့ ထွက်သွားပါလိမ့်မယ်တဲ့။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ သင့်ကိုချစ်နေတဲ့သူက သင်ဘယ်လိုပဲဖြစ်နေပါစေ၊ ချစ်နေမဲ့သူမျိုးပါ။

၁၀.ကိုယ့်ရဲ့အပြစ်အနာအဆာ တွေကို သူသိနေပေမဲ့ ၊ သူ့အတွက် ပြဿနာမဟုတ်ပါဘူး။
လူတိုင်းက ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဘူး လို့ပြောကြတဲ့အတိုင်း ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို သိနေသည့်တိုင်သူ့အတွက် သင့်အပေါ်ထားတဲ့ ခံစားချက်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး။

၁၁.တစ်ခါတစ်ရံ သူ့ရဲ့ ဂရုစိုက်ပြုမူပုံလေးတွေက ကိုယ့်ကို အံ့သြမင်သက်သွားစေပါတယ်။
ကိုယ်မယုံကြည်နိုင်လောက်အောင် အရမ်းချစ်၊ အရမ်းအလေးပေးခံရတယ်ဆိုတဲ့ ခံစားချက်က "အဆုံးမရှိ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ" ရဲ့ အရေးကြီးတဲ့ခံစားမှုအပိုင်းပါ။ တစ်ခါတစ်ရံမှာ လူတစ်ယောက်က ကိုယ့်ကို ဘယ်လောက်ထိစစ်မှန်စွာ ချစ်ခံရတယ်ဆိုတဲ့ ခံစားချက်နဲ့ အချစ်ခံရသူကို အရူးအမူးဖြစ်စေပါတယ်။

အပေါ်ကပြောခဲ့တဲ့ အရာတွေအားလုံးကို သင့်ရဲ့ relationship မှာခံစားမိတယ် ဆိုရင်တော့ သင်က "အဆုံးမရှိ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ" ဆိုတာ ဘယ်လိုလဲဆိုတာ ကိုသဘောပေါက်ခံစားမိပြီးသားဖြစ်မှာပါ။ ပြီးတော့ ကမ္ဘာပေါ်က ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်လို့ ကံအကောင်းဆုံးလူသားတွေထဲမှာလည်း သင်ကတစ်ယောက်အပါအဝင်ပေါ့နော်။

 

#ChelmoTeam

#Love