ကျောင်းတွင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရတဲ့ Nam Joo Hyuk
ဇွန်လ 20 ရက်နေ့ထုတ် သီးသန့်မီဒီယာကတင်ထားတဲ့သတင်းအရ အမည်မဖော်လိုသူတစ်ဦးက Nam Joo Hyuk ကို အလယ်တန်းနှင့် အထက်တန်းကျောင်းအထိ 6 နှစ်ကြာ ကျောင်းတွင်းအနိုင်ကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သက်သေအဖြစ် နှစ်ချုပ်စာအုပ်တစ်ပုံကို ပြထားပြီး Nam Joo Hyuk က အခြားအတန်းဖော်များကို ရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ငွေယူခြင်းနှင့် အခြားအရာများကိုလည်း ကျူးလွန်ခဲ့ကြောင်း အခိုင်အမာစွပ်စွဲထားတာပါ။
Nam Joo Hyuk က သူ့ကို ခဲသားဘူးနဲ့ပစ်ပေါက်တာမျိုး၊ ခုံကိုဆွဲထုတ်ပြီး အနိုင်ကျင့်ခဲ့တယ်လို့ ဆက်ပြောထားပါတယ်။ သူ့ထက် ပိုမိုပြင်းထန်စွာ အနိုင်ကျင့်ခံခဲ့ရသည့် အခြားသူတွေဟာ လက်ရှိမှာ စိတ်ရောဂါကုဆရာဝန်များနဲ့ ပြသနေပြီး Nam Joo Hyuk က လတ်တလော ရေပန်းစားနေတာကြောင့် တီဗီမကြည့်ဖြစ်ဖို့ ကြိုးစားနေကြတယ်လို့ ဆက်လက်ပြောသွားတာလည်းဖြစ်ပါတယ်။ သူနဲ့ထပ်တူခံစားခဲ့ရတဲ့နစ်နာသူတွေကို ကူညီချင်တာကလွဲလို့ ကျန်တဲ့ရည်ရွယ်ချက်မရှိဘူးလို့လည်း အမည်မဖော်လိုသူက ပြောထားပါတယ်။
ဒီသတင်းကိုတော့ Nam Joo Hyuk ရဲ့ အေဂျင်စီက ငြင်းချက်ထုတ်ထားပြီး မဟုတ်မမှန်သတင်းဖြန့်တဲ့သူတွေကို တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက နာမည်ကြီးလာပြီဆို ဆွဲချချင်တဲ့သူတွေရဲ့လုပ်ရပ်လား တကယ်ပဲ အမှန်တရားလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါနော်။
မင်မင်ကတော့ တကယ်မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်း အမှန်တရားမြန်မြန်ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။ Weightlifting Fairy ကားမှာတည်းက ကြိုက်ခဲ့ရတာမလို့ ဒီသတင်းသာမဟုတ်ခဲ့ဘူးဆို အရမ်းနာမည်ကြီးနေတဲ့အချိန်မှာ ဆွဲချခံရသလိုမျိုးဖြစ်ပြီး နစ်နာမှာလည်း မလိုလားကြဘူးမလား ပရိတ်သတ်ကြီးရေ။