သူမရဲ့အပြုမူကြောင့် Media တွေနဲ့ Fan တွေရဲ့ချီးကျူးခြင်းရရှိခဲ့တဲ့ LISA
ကိုရီးယားနိုင်ငံမှာ တခါတရံ ကိုရီးယားလူမျိုးတွေတောင် သတိမထားမိတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ အများကြီးရှိပါတယ်။ ဒီလိုပြောတဲ့အတွက် ကိုရီးယားမှာ အခြေခံကျတဲ့ကျင့်ဝတ်တွေက အရေးကြီးတယ်လို့ ယူဆလို့ရပါတယ်။ ကိုရီးယားလူမျိုးတွေဟာ တစ်စုံတစ်ဦးကို ပထမဆုံးအကြိမ် နှုတ်ဆက်တဲ့အခါ သို့မဟုတ် ကိုယ့်ထက် အသက်ကြီးသူ (သို့) ရာထူးကြီးသူတစ်ဦးဦးကို ဦးညွှတ်နှုတ်ဆက်ကြတဲ့အလေ့ထရှိတယ်ဆိုတာကို Kdrama ပရိတ်တွေဆိုရင် ရင်းနှီးနေကြမှာ အမှန်ပါပဲ။ မီဒီယာ၊ ပရိသတ်များ သို့မဟုတ် ပရိသတ်တစ်ဦးကို နှုတ်ဆက်သောအခါတွင် သရုပ်ဆောင်တွေနဲ့ idol တွေဟာ ဦးညွှတ်နှုတ်ဆက်လေ့ရှိပါတယ်။ ကိုးရီးယားလူမျိုးမဟုတ်တဲ့သူတွေအတွက် ဦးညွှတ်နှုတ်ဆက်ဖို့ မလိုအပ်ဘူးလို့ ယူဆလို့ရပေမဲ့ ဒါဟာ အရေးကြီးတဲ့ အခြေခံအကျဆုံ လေးစားမှုကိုဖော်ပြတဲ့အပြုမူတစ်ရပ်လည်း ဖြစ်ပါတယ်။
BLACKPINK အဖွဲ့ဝင် Lisa ဟာ နှစ်လိုဖွယ်ကိုယ်ရည်ကိုယ်သွေးနဲ့ ကိုရီးယားယဉ်ကျေးမှုကို လေးစားမှုရှိတာကြောင့် ကိုရီးယားလူမျိုးတော်တော်များများရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဇွန်လ 28 ရက်နေ့မှာတော့ ကိုရီးယားပရိသတ်တွေက LISA ကို ပိုချစ်လာစေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ Paris မှာကျင်းပခဲ့တဲ့ CELINE Show ကို မင်းသား Park Bo Gum, BTS အဖွဲ့ဝင် V နဲ့အတူတူတက်ရောက်ခဲ့ပြီး ကိုရီးယားကို ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာတော့ အချိန်ကြာမြင့်စွာ လေယာဉ်စီးလာရလို့ ပင်ပန်းနေပုံရတာတောင် သူမကိုလာကြိုကြတဲ့ပရိတ်သတ်တွေနဲ့ မီဒီယာတွေကို တလေးတစားနဲ့ ပြန်လည်နှုတ်ဆက်ပေးခဲ့ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ နှုတ်ဆက်ပေးခဲ့ရုံသာမက ခါးကိုကိုင်းညွှတ်ကာ နှုတ်ဆက်ပေးခဲ့တာကြောင့် ပရိတ်သတ်တွေနဲ့ မီဒီယာတွေအပေါ် လေးစားမှုရှိလိုက်တာဆိုတဲ့မှတ်ချက်ကောင်းတွေနဲ့ ပရိတ်သတ်တွေရဲ့နှလုံးသားကို ထပ်မံဖမ်းစားနိုင်ခဲ့တာပါ။
ဒီလိုနှုတ်ဆက်တတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ လေဆိပ်ဆင်းတိုင်း ပရိတ်သတ်တွေနဲ့ မီဒီယာတွေကို တလေးတစားနှုတ်ဆက်တတ်တာ LISA ရဲ့ အတုယူစရာအကျင့်လေးတစ်ခုလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲပင်ပန်းပါစေ အပြုံးမပျက် နှုတ်ဆက်ပြီးမှ ကားပေါ်တက်သွားလေ့ရှိတာပါ။ ထိုင်းလူမျိုးဖြစ်တဲ့ LISA ဟာ ယဉ်ကျေးမှုကိုအလေးထားတဲ့ ကိုရီးယားလိုနိုင်ငံမျိုးမှာ လိုက်လျောညီထွေနေနိုင်စွမ်းရှိပြီး ယဉ်ကျေးမှုတွေကို လေးစားမှုရှိတယ်လို့ ပရိတ်သတ်တွေဆီက မှတ်ချက်ကောင်းတွေကို အများကြီးရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။
မှတ်ချက်တွေမှာလည်း LISA က အရမ်းယဉ်ကျေးတာပဲ ဆိုတဲ့မှတ်ချက်မျိုးတွေအပြင် အခြားသောမှတ်ချက်ကောင်းတွေလည်း မြောက်များစွာရရှိခဲ့ပါတယ်။