မနက်စာကို ဘာကြောင့်သေချာ စားသင့်တာလဲ
ကျန်းမာပျော်ရွှင်ပြီး ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လျှင်မြန်သွက်လက်စွာ ဆောင်ရွက်ချင်တယ်ဆိုရင်တော့ မနက်စာကိုသေချာစားဖို့လိုအပ်ပါတယ်။ လူအများစုဟာ အိပ်ရာထနောက်ကျလို့၊ ရုံးနောက်ကျနေလို့၊ ကျောင်းနောက်ကျလို့ စတဲ့အကြောင်းပြချက်တွေနဲ့ မနက်စာကိုသေချာ မစားဖြစ်ကြပါဘူး။ ဒါကြောင့် မနက်စာကဘာလို့ အရေးကြီးတာလဲ ဘာလို့သေချာစားသင့်လဲ ဆိုတာကို ပြောပြပေးပါမယ်။လူအများစုက မနက်စာဆိုရင်သေချာမစားဖြစ်ဘဲ ကော်ဖီတခွက်၊ ပေါင်မုန့်တချပ်နဲ့ပြီးလိုက်ကြတာ များပါတယ်။ မနက်စာဆိုတာ အာဟာရပြည့်ပြည့်၀၀ပါဝင်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင်အုပ်စု၊ အသားဓာတ်၊ အမျှင်ဓာတ်ပါတာတွေကို စားပေးရပါမယ်။ ဒီလိုမနက်စာကို အာဟာရပြည့်ဝတာတွေ စားပေးရင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို လျော့ချပေနိုင်ပါတယ်
မနက်စာမစားခြင်းက ကိုယ်အလေးချိန်ကို မလျော့ချပေးနိုင်ပါဘူး
ကိုယ်အလေးချိန်လျော့ချဖို့ မနက်စာကိုလျော့စားမယ်ဆိုတဲ့အတွေးရှိရင် ရပ်တန်းကရပ်သင့်ပါတယ်။ မနက်စာစားချိန်မှာ စားလိုက်တဲ့ ပရိုတင်းနဲ့အမျှင်ဓာတ်က ဆာလောင်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဗိုက်ဆာတဲ့အချိန်မှာ မစားလိုက်တဲ့အခါ တနေကုန် ဆာလောင်စေပြီး လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ပိုမိုစားမိစေနိုင်ပါတယ်။
မှတ်ဉာဏ်စွမ်းရည်တွေကိုလဲ လျော့ကျစေနိုင်ပါတယ်
မနက်မိုးလင်းတာနဲ့ စပြီးအလုပ်လုပ်ရတာက ဦးဏှောက်ဖြစ်ပါတယ်။ ဦးဏှောက်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် သွေးတွင်းသကြား အလုံအလောက်ရှိရပါမယ်။ မနက်စာပုံမှန် မစားဖြစ်တဲ့အခါ သွေးတွင်းပမာဏတွေ ကမောက်ကမဖြစ်ပြီး ဦးဏှောက်အတွက် လိုအပ်တဲ့အာဟာရတွေ မရရှိနိုင်တော့လို့ မနက်စာမစားတာကြာလာရင် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်နိုင်မှု အားနည်းလာတာကို တွေ့ရပါတယ်။
စိတ်ဖိစီးမှုတွေ ပိုဖြစ်လာစေနိုင်ပါတယ်
မနက်စာ မစားတဲ့လူတွေမှာ Cortisol လို့ခေါ်တဲ့ စိတိဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတမျိုးပိုထွက်ပါတယ်။ ဒီလိုနဲ့ မနက်စာမစားတာကြာလာရင် Cortisolဓာတ်တွေ ပိုထွက်လာပြီး စိတ်ဖိစီးမှုတွေ များလာတဲ့အခါ စိတ်ဓာတ်ကျတာတွေကိုပါ ဖြစ်လာစေနိုင်တာမို့ သတိပြုသင့်ပါတယ်နော်။
ဆီးချိုဖြစ်ဖို့ အလားအလာပိုများစေနိုင်ပါတယ်
မနက်စာမစားဘဲ နေတာကြာလာတဲ့အခါ ကိုယ်တွင်းသကြားဓာတ်တွေလဲ ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက်ကိုယ်အများကြီးစားတဲ့အခါ ဝင်လာတဲ့ သကြားဓာတ်အလုံးအရင်းကို အင်ဆူလင် က မထိန်းနိုင်တဲ့အခါ ဆီးချိုဖြစ်လာစေနိုင်ပါတယ်။
နှလုံးရောဂါဖြစ်နိုင်ခြေများလာပါတယ်
ညဘက် အိပ်တဲ့အချိန်နဲ့ မနက်စာမစားရသေးတဲ့အချိန် နှစ်ခုကိုပေါင်းလိုက်လို့ ၁၂နာရီကျော်သွားပြီဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်က အစာကိုလိုအပ်နေပါပြီ။ ဒီအချိန်မှာ မနက်စာကို အလွတ်ခံလိုက်ရင် ကိုယ်တွင်းစိတ်ဖိစီးမှုတွေတက်လာပြီး ဟော်မုန်းဓာတ်တွေ အပြောင်းအလဲ ဖြစ်လာစေပါတယ်။ ဒီလိုနဲ့ နှလုံးကြွက်သားတွကလဲ အလုပ်ပိုလုပ်ရလို့ မနက်စာမစားတဲ့သူတွေက ပိုပြီး နှလုံးရောဂါဖြစ်နိုင်ချေ ပိုများတာကိုတွေ့ရပါတယ်။
ကဲ…. ဒီလောက်ဆိုရင် မနက်စာကဘယ်လောက်အရေးကြီးလဲ ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့ မနက်စာတွေကို ပုံမှန်စားပေးပါလို့် တိုက်တွန်းချင်ပါတယ်ရှင်။
#Chelmo #ChelmoTeam