ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တဲ့ Asani
ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တဲ့ Asani က မကြာခင် ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားကြတာကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မြေနိမ့်ဒေသတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ ကုန်းတွင်းပိုင်းဝင်ရောက်ချိန်မှာ လှိုင်းအမြင့်က 3.2 meter/ ၁၀ ပေကျော်အထိရှိနိုင်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေတွေနဲ့ ကမ်းနီးဒေသတွေမှာ နေထိုင်တဲ့သူတွေအတွက် သတိထားစေချင်ပါတယ်။ 21/22 ရက်နေ့တွေ မြန်မာနိုင်ငံ အလယ်ပိုင်း အောက်ပိုင်းနဲ့ ကမ်းလွန်ဒေသတွေ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့နေရာတွေကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာကြောင့် အပြင်ထွက်ရင် မိုးကာနဲ့ထီးတွေ ဆောင်သွားဖို့လည်း မမေ့ကြပါနဲ့ဦးနော်။ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဒီရေသည် ၆ပေမှ ၇ပေအထိ မြင့်တက်နိုင်ကြောင့်းလည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မတ်လ ၂၂ ရက်နေ့မှာ မူလလမ်းကြောင်းကနေသွေဖီပြီး လမ်းကြောင်းပြောင်းလဲနိုင်တဲ့အခြေနေလည်းရှိလာနိုင်တာကြောင့် လမ်းကြောင်းပြောင်းလဲပြီး မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်ဖြတ်ကျော်နိုင်ခြေရှိတာကြောင့် ဒေသခံတွေအနေနဲ့ သတိထားပြီး ပြင်ဆင်စရာရှိတာတွေ ကြိုပြင်ဆင်ထားသင့်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းပြီး ရောက်ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားကြပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ခန့်မှန်းချက်တွေအရ ကြိုသိနိုင်ပေမဲ့ ဖြစ်လာချိန်မှာ ဘာမှလုပ်လို့မရတာကြောင့် ရေသန့်ကြိုစုဆောင်းထားတာ ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားတာမျိုး လုပ်ထားသင့်ပါတယ်။ မုန်တိုင်းဝင်ပြီးသွားတဲ့အခါ ရေမသန့်တာမျိုးတွေကြောင့် ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ အဖြစ်များတတ်လို့ ရေသန့်ဆေးတွေ ဓာတ်ဆားတွေ ကြိုဆောင်ထားဖို့ မင်မင်က အကြံပြုချင်ပါတယ်။ မုန်တိုင်းဒီရေတက်လာတဲ့အခါမျိုးမှာလည်း ခေတ္တခိုလှုံစရာကြိုပြင်ထားပြီး အရေးကြုံလာရင် မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ ကူညီနိုင်အောင် ကြိုပြင်ဆင်ထားရင်း အားလုံးပဲ အန္တရာယ်ကင်းကြဖို့လည်း မင်မင်က ဆုတောင်းပေးလိုက်ပါတယ်ရှင်။