သင်ကြိုက်တဲ့ အရောင်တွေကပြောတဲ့ သင့်အကြောင်း
လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်တွေ ကိုယ်စီရှိကြပါတယ်။ အဲ့လို မတူညီတဲ့အရောင်တွေပေါ် အခြေခံပြီး လူတွေရဲ့ စိတ်နေစိတ်ထားလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အနီရောင်
အနီရောင်ကြိုက်တဲ့သူတွေက ရဲရင့်ပြီး ပြတ်သားကြပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အားအင်အပြည့်ရှိတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စူးစမ်းလေ့လာရတာကို ကြိုက်နှစ်သက်ကြတဲ့သူတွေ ဖြစ်ပြီး ရည်မှန်းချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေသူတွေလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့တွေက ပြိုင်ဆိုင်လိုစိတ်လည်း ပြင်းထန်ကြပါတယ်။
(၂) အဝါရောင်
အဝါရောင်ကြိုက်တဲ့သူတွေက ပျော်ရွှင်မှုနဲ့ လေ့လာရတာကို ကြိုက်တဲ့သူတွေဖြစ်ပါတယ်။ အကြံဉာဏ်အသစ်တွေ၊ ကိုယ်စုဆောင်းထားမိတဲ့ Knowledgeတွေကို တခြားသူတွေကို ဝေမျှတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ အဝါရောင်ဆိုတာက နေရောင်ခြည်ကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်တာကြောင့် နွေးထွေးမှုတွေ၊ ချစ်ခင်မှုတွေ၊ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
(၃) လိမ္မော်ရောင်
လိမ္မော်ရောင်ကြိုက်တဲ့သူတွေက လူတွေနဲ့ပြောဆိုဆက်ဆံရတာကို ကြိုက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်လည်း အဖွဲ့လိုက်လုပ်ရတဲ့အခါမျိုးတွေမှာ Respect ထားတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။
(၄) အစိမ်းရောင်
အစိမ်းရောင်ကြိုက်တဲ့သူတွေက အချစ်ကြီးတဲ့သူတွေလည်းဖြစ်ပြီး အချစ်ခံချင်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် အသိအမှတ်ပြုခံရတာကို ကြိုက်ကြတဲ့သူတွေပါ။ လူတွေက သူ့ကို ဘယ်လိုမြင်လဲဆိုတာကိုလဲ ဂရုစိုက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့လေးတွေက သစ္စာရှိကြပြီး၊ ရိုးသားပွင့်လင်းကြတဲ့သူတွေလည်း ဖြစ်ပါတယ်။
(၅) အပြာရောင်
အရောင်တွေထဲမှာ အပြာရောင်ကြိုက်တဲ့သူတွေ တော်တော်များကြပါတယ်။ ဒီအရောင်ကြိုက်တဲ့သူလေးတွေက အမှန်တရား၊ ငြိမ်းချမ်းမှုကို နှစ်သက်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့က ဘဝကို သူတို့ရဲ့ယုံကြည်ချက်တွေ၊ ခံယူချက်တွေအလိုက် နေထိုင်ကြတဲ့သူတွေဖြစ်ပြီး လူတွေနဲ့လည်း သဟဇာတမျှအောင်နေတတ်တဲ့ သူလေးတွေလည်း ဖြစ်ပါတယ်။
(၆) ခရမ်းရောင်
ခရမ်းရောင်ကြိုက်တဲ့သူတွေကတော့ အနုပညာဆန်ကြပြီး တစ်ဦးချင်းစီမှာ မတူညီတဲ့ထူးခြားချက်လေးတွေရှိပါတယ်။ တက်တက်ကြွကြွရှိပြီး ဘယ်အရာမဆို အသေးစိတ်လေးတွေကအစ အာရုံစူးစိုက်မှုရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီးတော့ ပြဿနာဖြေရှင်းတဲ့နေရာမှာလည်းတော်ကြပါတယ်။ တခါတလေမှာ စိတ်အပြောင်းအလည်မြန်တတ်ပြီး ဒေါသလည်းကြီးပါတယ်။ ဘာကြောင့်ဆို သူတို့က အရာရာကို စိတ်နှစ်ပြီး ခံစားကြတာကြောင့် ဖြစ်ပါတယ်။ ခရမ်းရောင်ကို တော်ဝင်အရောင်လို့လည်းတင်စားခေါ်ကြပါတယ်။
(၇) ပန်းရောင်
မိန်းကလေးတော်တော်များများက ပန်းရောင်ကြိုက်ကြပြီး အဲ့လိုကြိုက်ကြတဲ့ မိန်းကလေးတွေကလည်း ချစ်ဖို့ကောင်းကြပါတယ်။ ဒါကြောင့် ပန်းရောင်က ချစ်စရာကောင်းတယ်၊ နူးညံ့ ကြင်နာတတ်တယ်ဆိုတဲ့ စိတ်ကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ပါတယ်။ မိန်းကလေးဆန်တာကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး ဒီအရောင်ကို ကြိုက်တဲ့သူလေးတွေက တခြားသူတွေနဲ့မတူအောင် အချစ်ခံချင်ကြတဲ့သူလေးတွေလည်းဖြစ်ပါတယ်။
(၈) အမည်းရောင်
အမည်းရောင်ကြိုက်တဲ့ သူလေးတွေကတော့ စိတ်အားထက်သန်ပြီး ဆုံးဖြတ်ချက်ပြတ်သားကြတဲ့သူတွေ ဖြစ်ပါတယ်။ ဂုဏ်သိက္ခာကိုအလေးထားတဲ့သူတွေဖြစ်ပြီး လိုချင်တာကိုလည်း မကြောက်ပဲ ရအောင်ယူတတ်တဲ့သူတွေ ဖြစ်ပါတယ်။
(၉) အဖြူရောင်
အဖြူရောင်ကလူတွေရဲ့စိတ်ကို ကြည်လင်စေတဲ့အရောင်ဖြစ်ပြီး အဖြူရောင်ကြိုက်တဲ့သူလေးတွေကလည်း သပ်သပ်ရပ်ရပ်နေတတ်ပြီး ရိုးရှင်းတဲ့သူတွေဖြစ်ပါတယ်။ အေးဆေးနေတတ်ပြီး အကောင်းမြင်တတ်တဲ့သူတွေလည်း ဖြစ်ကြပါတယ်။ ပြီးတော့သူတို့က လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတွေ ဖြစ်ပါတယ်။