လမကုန်ခင် ပိုက်ဆံမကုန်အောင် ဘယ်လိုသုံးမလဲ
လူတိုင်း လစဉ်ကြုံတွေ့နေရတဲ့အခက်အခဲကတော့ လမကုန်ခင် ပိုက်ဆံကုန်ပြီး ဒုက္ခအကြီးအကျယ် ရောက်တာပါပဲ။ ဒီလိုအခက်အခဲတွေမကြုံရလေအောင် ငွေကို ဘယ်လိုချွေတာ ပြောပြပေးချင်ပါတယ်။
(၁)တစ်နေ့တာ အသုံးစရိတ်ကိုတွက်ချက်ပါ
ပိုက်ဆံချွေတာဖို့အတွက် အသုံးဝင်ဆုံးအချက်က ကိုယ့်တစ်နေ့တာအသုံးစရိတ်ကို တွက်ချက်တာဖြစ်ပါတယ်။ ကိုယ်ဒီနေ့ ဘာတွေဝယ်တယ် ဘာတွေသုံးသလဲဆိုတာကို စာရင်းဇယားမှတ်သားခြင်းအားဖြင့် ဘယ်နေရာတွေမှာ ကိုယ်ပိုက်ဆံပိုသုံးနေလဲဆိုတာသိရတော့ ချွေတာလို့ရသွားမှာပါ။
(၂) ကိုယ်ရှာနိုင်တာထက် လျော့သုံးပါ
ဒီအချက်က သိပ်အရေးကြီးပါတယ်။ လူအများစုဟာ ကိုယ်ရှာနိုင်တာထက်ပိုပြီး ပိုသုံးနေတာကိုတွေ့ရပါတယ်။ ကိုယ့်ဝင်ငွေ ထွက်ငွေကို တွက်ချက်ပြီး မျှတအောင်သုံးမှသာ ငွေကြေးကြောင့်စိတ်ညစ်ရတာမျိုးသက်သာမှာ ဖြစ်ပါတယ်။
(၃) Targetတစ်ခုသတ်မှတ်ပါ
တစ်နှစ်အတွင်း ငွေဘယ်လောက်စုမယ် ကိုယ်ပိုင်ပိုက်ဆံနဲ့ သင်တန်းတွေတက်မယ် ခရီးထွက်နိုင်ရမယ် စသည်ဖြင့် ရည်ရွယ်ချက်ထားပြီး ပိုက်ဆံစုပါ။
(၄)တကယ်လိုအပ်မှ ဝယ်ပါ
မြင်မြင်သမျှ ဝယ်တဲ့အကျင့်ကို ပြင်ပါ။ မလိုအပ်တာတွေဝယ်တာက ပိုက်ဆံကိုပိုကုန်စေပါတယ်။ တစ်ခုခုကို ဝယ်ချင်စိတ်ဖြစ်လာတဲ့အခါ တကယ်လိုအပ်ရဲ့လားဆိုတာ သေချာပြန်စီစစ်သင့်ပါတယ်။ လိုအပ်တာနဲ့လိုချင်တာကို ကွဲပြားဖို့လိုပါတယ်။ မလိုအပ်ဘဲ လိုချင်တာတွေအတွက် ငွေသုံးရင်း ငွေကြေးအခက်အခဲတွေ တွေ့ကြုံလာစေနိုင်ပါတယ်။
(၅)ဈေးသက်သာတဲ့ ဆိုင်တွေကနေဝယ်ပါ
တစ်ခါတစ်လေမှာ တချို့ပစ္စည်းတွေက ပထမဆုံးတွေ့တဲ့ ဆိုင်ထက်ဈေးသက်သာနေတာမျိုးရှိတတ်ပါတယ်။ ဒါကြောင့်တစ်ခုခုဝယ်တော့မယ်ဆိုရင် တခြားဈေးသက်သာတာတဲ့နေရာရှိဦးမလား Promotionပေးတဲ့ဆိုင်ရှိမလားဆိုတာကို သေချာရှာသင့်ပါတယ်။
(၆) အပြင်စာစားမယ့်အစား အိမ်မှာချက်စားပါ
အပြင်စာစားတာကလဲ အိတ်ထဲကငွေတွေကို တော်တော်သဲ့ယူနိုင်ပါတယ်။ ရုံးသွား ကျောင်းသွားရင် ထမင်းချိုင့်ထုပ်သွားတာကလဲ အသက်သာဆုံး ငွေချွေတာတဲ့နည်းလမ်းဖြစ်ပါတယ်။ အပြင်မှာစားရင် နှစ်ယောက်သာစားရမယ့် ပမာဏကို အိမ်မှာချက်စားရင် တစ်အိမ်လုံး၀၀လင်လင်စားလို့ရပါတယ်။
ကဲ ဒီလောက်ဆိုရင် ငွေကို ဘယ်လိုချွေတာရမလဲ ကိုယ့်ဝင်ငွေကို ဘယ်လိုလောက်ငှအောင်သုံးမလဲ ဆိုတာကို သိလောက်ပြီထင်ပါတယ်။
#ChelmoTeam